Thein Mwe

Email

viber_image_2022-08-08_10-14-38-186.jpg

အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့
ဌာနေတိုင်းရင်းသားများဆိုသည်မှာ သီးခြားမြေနေရာတစ်ခု၌ ဦးစွာပထမ အသိုက်အဝန်း၊ အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ခဲ့ကြသည့် လူမျိုးစုကို ခေါ်ဆိုသတ်မှတ်ခြင်းဖြစ်သည်။ ဌာနေတိုင်းရင်းသားများသည် ကမ္ဘာ့ဒေသအသီးသီးတွင် နေထိုင်ကြပြီး ကမ္ဘာ့မြေဧရိယာ၏ ၂၂ ရာခိုင်နှုန်းသည် ဌာနေတိုင်းရင်းသားများ နေထိုင်ရာ ဖြစ်သည်။ လူဦးရေ ၄၇၆ သန်းခန့်သော ဌာနေတိုင်းရင်းသားများသည် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း ၉၀ ကျော်တွင် နေထိုင်ကျပြီး ၎င်းတို့တွင် ထူးခြားကွဲပြားသော ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု နှင့် အုပ်ချုပ်မှုပုံစံများ ရှိသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားများတွင် ကွဲပြားခြားနားသော ယဉ်ကျေးမှုအမျိုးအစား ၅၀၀၀ ခန့်ရှိပြီး ၎င်းတို့၏ ဘာသာစကား ၇၀၀၀ ကျော် ခန့်ရှိသည်။ ၎င်းတို့၏ ယဉ်ကျေးမှုသည် လူသားများနှင့် သဘာဝတရားတို့ကြား သဟဇာတဖြစ်ပြီး ညီညွတ်သော ဆက်ဆံရေး အသွင်အပြင် လက္ခဏာရှိ သည်။ ကမ္ဘာတစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားများ ပမာဏသည် ကမ္ဘာ့လူဦးရေ၏ ၅ ရာခိုင်နှုန်းအောက်ခန့် ပမာဏသာ ရှိသော်ငြားလည်း ကမ္ဘာ့အဆင်းရဲဆုံး လူဦးရေ၏ ၁၅ ရာခိုင်နှုန်းတွင် ဌာနေတိုင်းရင်းသားများ ပါဝင်နေသည်။
ခေတ်အဆက်ဆက်၏ သမိုင်းများအရ ဌာနေတိုင်းရင်းသားများသည် ၎င်းတို့ပိုင်ဆိုင်သော သဘာဝ သယံဇာတနှင့် မြေယာပိုင်ဆိုင်မှု အပေါ်တွင် အုပ်ချုပ်ခွင့်ဆုံးရှံးပြီး ကိုလိုနီ ခေတ်စနစ်အောက်တွင် ကြီးပျင်းလာခဲ့ရသူများ ဖြစ်သည်။ ဌာနေတိုင်းရင်းသားများသည် လူ့အဖွဲ့အစည်းအတွင်း ပါဝင်လှုပ်ရှားမှုမှ ဖယ်ထုတ်ခံရခြင်း၊ အပယ်ခံရခြင်း စသည်တို့ကို ခံစားရပြီး ဆင်းရဲသူများ၊ ပညာမတတ်သူများအဖြစ် ပြုမူဆက်ဆံခံရခြင်းများကို ကြုံတွေ့ရပါသည်။ ဆိုလိုသည်မှာ ဌာနေတိုင်းရင်းသားများသည် စီးပွားရေးဆိုင်ရာ လုပ်ပိုင်ခွင့်မရခြင်း၊ လူမှုရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်မှုမရှိခြင်း၊ နိုင်ငံရေးကဏ္ဍများ၌ ကိုယ်စားပြုပါဝင်ခွင့်မရခြင်း စသည့်အခက်အခဲများမှ ရင်ဆိုင် ခံစားနေရသူများ ဖြစ်သည်။
ဩဂုတ်လ ၉ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေ တိုင်းရင်းသားများနေ့ ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ်ကျင်းပလေ့ ရှိသည်။ ကမ္ဘာတစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်ရန် နှင့် မြှင့်တင်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် နှစ်တစ်နှစ်၏ ဩဂုတ်လ ၉ ရက်နေ့အား အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေ တိုင်းရင်းသားနေ့အဖြစ် သတ်မှတ်ပြီး ၁၉၉၅ ခုနှစ်တွင် စတင်ကျင်းပခဲ့ပါသည်။
၂၀၂၂ ခုနှစ်တွင် ဩဂုတ်လ ၉ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေ တိုင်းရင်းသားများနေ့ အတွက် ရိုးရာအသိပညာ ထိန်းသိမ်းရေးနှင့် လက်ဆင့်ကမ်း ဖြန့်ဝေရေးတွင် ပါရှိသော ဌာနေတိုင်းရင်းသား အမျိူးသမီးများ၏ အခန်းကဏ္ဏ ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။ ဌာနေတိုင်းရင်းသား အမျိုးသမီးများသည် ဌာနေတိုင်းရင်းသားများ အဖွဲ့အစည်း၏ ကျောရိုးဖြစ်ပြီး ဘိုးဘွားစဉ်ဆက်၏ ရိုးရာအသိပညာ ထိန်းသိမ်းရေးနှင့် လက်ဆင့်ကမ်း ဖြန့်ဝေရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ ဌာနေတိုင်းရင်းသား အမျိုးသမီးများသည် ၎င်းတို့ အဖွဲ့အစည်းတွင် သဘာဝအရင်းအမြစ်များနှင့် သိပ္ပံဆိုင်ရာ အသိပညာရပ်များကို ထိန်းသိမ်း စောင့်ရှောက်သူများ ဖြစ်ကြသည်။ ဌာနေတိုင်းရင်းသား အမျိုးသမီး အများစုသည် ၎င်းတို့ပိုင်ဆိုင်သော မြေယာနှင့် နယ်မြေကာကွယ်ရေးတွင် ဦးဆောင်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ ဌာနေတိုင်းရင်းသားများ၏ စုပေါင်း အခွင့်အရေးအတွက်လည်း လှုံဆော်ဆောင်ရွက်နေသူများလည်း ဖြစ်ကြသည်။ သို့ရာတွင် ဌာနေတိုင်းရင်းသား အမျိုးသမီးများသည် ၎င်းတို့၏လူမှုအသိုက်အဝန်းအတွင်းတွင် အသိညာ ပေးသူများ၊ ခေါင်းဆောင်များ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများဖြစ်သော်လည်း ကျား၊ မ၊ လိင်ခွဲခြားမှု၊ လူမှုစီးပွားရေးအဆင့်အတန်း၊ လူမျိုးရေး စသည်တို့အပေါ်တွင် အကြောင်းပြု၍ မကြာခဏ ခွဲခြားဆက်ဆံခံရမှုများ ကြံတွေ့နေဆဲဖြစ်သည်။ အထူးသဖြင့် ဌာနေတိုင်းရင်းသား အမျိုးသမီးများသည် ဆင်းရဲနွမ်းပါးမှု အတိုင်းအတာမြင့်မားခြင်း၊ ပညာရေးနိမ့်ပါးမှုနှင့် စာမတတ်မြောက်ခြင်း၊ အလုပ်အကိုင်၊ အခွင့်အလမ်းနှင့် ထိုက်သင့်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိခြင်း၊ ရသင့်ရထိုက်သော ချေးငွေမရရှိခြင်း၊ နိုင်ငံရေးကဏ္ဍတွင် ပါဝင်ခွင့် ကန့်သတ်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်း စသည် တို့ကို ခံစားနေရသူများ ဖြစ်ပါသည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သယံဇာတနှင့် ဘိုးဘွားပိုင်မြေများကို ထိန်းသိမ်း စောင့်ရှောက်ခွင့် တို့ကို ရာစုနှစ်ပေါင်းများစွာ ကတည်းကပင် ချိုးဖောက်ခံရသူများ ဖြစ်သည်။
ဌာနေတိုင်းရင်းသား လူမျိုးများ၏ ဖွံဖြိုးတိုးတက်မှုကို ထောက်ခံအားပေးသည့် အနေဖြင့် နိုင်ငံပေါင်း ၁၄၈ နိုင်ငံမှ သဘောတူ လက်မှတ်ရေးထိုးထားသည့် ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးနှင့် သက်ဆိုင်သော ကြေညာချက်ကို ၂၀၀၇ ခုနှစ်တွင် ကုလသမဂ္ဂမှ ထုတ်ပြန်ကြေညာ ခဲ့သည်။ အဆိုပါကြေညာချက်တွင် ဌာနေတိုင်းရင်းသားများ၏ ဘိုးဘွားပိုင်မြေအသုံးပြုမှုနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဆုံးဖြတ်ချက်ချပိုင်ခွင့်၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အခွင့်အရေးများ၊ နိုင်ငံရေးနှင့် တရားရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့်၊ ဌာနေတိုင်းရင်းသား ဘာသာစကားများ ကာကွယ်စောင့်ရှောက်ရေး အပါအဝင် တစ်ခြားအခွင့်အလမ်းများစွာကိုလည်း ပြဌာန်းဖော်ပြထားပါသည်။
ကုလသမဂ္ဂအပါအဝင် များစွာသော အဖွဲ့အစည်း၊နိုင်ငံများက ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရာတွင် ပါဝင်ဆောင်ရွက်နေပါသည်။ ဌာနေတိုင်းရင်းသားများ၏ အခွင့်အရေးကို ချိုးဖောက်ခြင်းမပြုမိအောင် သတိပြုကြဖို့နှိုူဆော်ရင်း ဩဂုတ်လ ၉ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ဌာနေတိုင်းရင်းသားများနေ့ ကို ဤဆောင်းပါးဖြင့် E Guard မှ မှတ်တမ်းတင် ဂုဏ်ပြုလိုက်ရပါသည်။
မိုးချိုသင်း
E Guard Environmental Services Co., Ltd.
ကိုးကား
https://www.unesco.org/en/days/indigenous-people-day
https://learnenglish.britishcouncil.org/general-english/magazine-zone/international-day-of-the-worlds-indigenous-peoples
https://www.thereisadayforthat.com/holidays/united-nations/international-day-of-the-worlds-indigenous-peoples
https://www.culturalsurvival.org/news/12-things-you-can-do-international-day-worlds-indigenous-peoples

International Day of The World’s Indigenous People


https://www.un.org/development/desa/indigenouspeoples/international-day-of-the-worlds-indigenous-peoples-2021.html
https://www.un.org/en/observances/indigenous-day/background
https://www.genevaenvironmentnetwork.org/resources/updates/international-day-of-the-worlds-indigenous-peoples/

The International Day of the World’s Indigenous Peoples – August 9th

166

What’s your Reaction?
+1
2
+1
0
+1
0

By Thein Mwe

Associated Member (0130) I am Ms. Thein Mwe Khin working as an associate consultant at E Guard Environmental Services Co., Ltd.

Related Post

Leave a Reply