Ayeyarwady SunsetAyeyarwady Sunset

Thein Soe

Email

Ayeyarwady Sunset

ဟိုတုန်းက တော်တော်ကြီးကိုကြာခဲ့ပြီဖြစ်တဲ့ ခေတ်ကာလတွေတုန်းကဆိုရင် သဘာဝတရားကြီးက ဖန်တီးပေးထားတဲ့ ပတ်ဝန်းကျင် တောတောင်ရေမြေတွေဟာ အားထားစရာ ကိုးကွယ်စရာတွေလို့ လူသားတွေဟာ ယူဆခဲ့ကြတယ်။ သဘာဝဝန်းကျင်နဲ့အတူ သယံဇာတဆိုတာတွေကို မတို့မထိဘဲ အလေးအမြတ်ပြုထားခဲ့ကြတာမို့လို့ လူသားတွေအနေနှင့် သဘာဝတရား၏ လွှမ်းမိုးမှုကို အလွန်အမင်း ခံစားခဲ့ကြရတယ်လို့ မှတ်ချက်ချမှုတစ်ချို့ကိုလည်း ဖတ်ရှုမှတ်သားခဲ့ဖူးတယ်။ ခေတ်တွေခေတ်တွေ ပြောင်းလာလိုက်ပြီးတော့ လူသာလျှင် ပဓာနဆိုတဲ့ အယူအဆက ခေတ်စားတွင်ကျယ်လာပြန်ရောတဲ့။
တစ်ပြိုင်နက်ပဲ တိုးပွားလာတဲ့ လူဦးရေတွေအတွက် လိုအပ်တာတွေ ပြည့်စုံအောင် ဖြည့်ဆည်းဆောင်ရွက်ကြရင်း၊ လူတွေရဲ့ အတ္တစိတ်တွေ တိုးပေါင်းလိုက်တဲ့အခါမှာ ရေမြေတောတောင်တွေ သယံဇာတတွေဆိုတာဟာ ငါတို့အတွက် ဖြစ်တည်နေတာပဲလို့ ယူဆကြပြန်ရော။ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုအတွက် လူ့အဖွဲ့အစည်းအသီးသီးဟာ ကမ္ဘာမြေအမွေအနှစ်ကို နိုင်သလောက် စွမ်းသလောက် ထုတ်သုံးလိုက်ကြတာပေါ့။ ဥပမာ မြစ်ဆိုတာမျိုးက ရေကြောင်းသယ်ယူပို့ဆောင်ဖို့၊ ငါးဖမ်းဖို့၊ သုံးရေ စို်က်ရေရဖို့သာမက တစ်ချို့ကဆိုရင် သူတို့လုပ်ငန်းကထွက်လာတဲ့ စွန့်ပစ်ပစ္စည်းတွေ ဘေးထွက်ပစ္စည်းတွေကို သဘာဝအလျှောက် သယ်ယူသွားပေးမယ့်အရာ (Natural Transporter) လို့တောင် သတ်မှတ်ခဲ့ကြတယ်လေ။ အကျိုးဆက်ကတော့ ကြီးပွားခဲ့ကြတဲ့အလျောက်၊ တိုးတက်ခဲ့ကြတဲ့အလျောက် တစ်ဖက်မှာလည်း သဘာဝပတ်ဝန်းကျင်တွေဟာ သိသိသာသာကြီးကို ပျက်စီးယိုယွင်းခဲ့ရတယ်လေ။

နောက်ထပ်မျိုးဆက်မျိုးဆက်တွေ ပြောင်းလာကြပြန်တော့ အတွေးအခေါ် အယူအဆအသစ်တွေ ပေါ်လာကြပြန်ရော။ လူ့အဖွဲ့အစည်းတွေ နိုင်ငံတွေဟာ ကြီးပွားတိုးတက်မှု (Growth) ကိုချည်းသွားရမှာမဟုတ်ဘူး။ ဖွံ့ဖြိုးမှု (Development) ဘက်ကို ဦးတည်ကြရမှာလို့ ဖြစ်လာကြတယ်လေ။ တစ်ခါ (၂၀)ရာစုနှောင်းပိုင်းကိုရောက်လာပြန်တော့ ဖွံ့ဖြိုးမှုကရိုးရိုးတောင် မဟုတ်တော့ဘူး၊ ရေရှည်တည်တန့်သော ဖွံ့ဖြိုးမှု (Sustainable Development) တဲ့။ အဲ့ဒီမှာ လူသားတို့နဲ့ သဘာဝပတ်ဝန်းကျင်အကြား ရေရှည်တည်တန့်စွာ နေထိုင်မှုဆိုတာ ခေတ်စားလာပါတယ်။ Sustainable အယူအဆအရ သဘာဝပတ်ဝန်းကျင်ဆိုတာဟာ လူသားတို့ ကိုးကွယ်ရာ မဟုတ်သလို သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ စဉ်ဆက်မပြတ် ရေရှည်တည်တံ့စေရေးအတွက် ဆောင်ရွက်နိုင်ရမယ်၊ အဲ့ဒါမှ ကမ္ဘာတစ်ခုလုံး ဆက်လက်ရှင်သန်နိုင်မယ်လို့ ဆရာတစ်ယောက် ပြောဆိုဖူးတာလေးလည်း မှတ်သားမိတယ်ဗျ။

အင်း အဲ့တာကြောင့်မို့ပဲ ထင်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂက အသစ်ရေးဆွဲထုတ်ပြန်ထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ (Sustainable Development Goals – SDG) ထဲမှာ ဒါတွေနဲ့ ပတ်သက်ပြီး ပန်းတိုင်နှစ်ခုတောင် ထည့်သွင်းရေးဆွဲထားတာနေမှာ။ ၂၀၁၇ ကမ္ဘာ့ပတ်ဝန်းကျင်နေ့ရဲ့ ဆောင်ပုဒ်ဖြစ်တဲ့ ‘Connect People to Nature’ ကိုလည်း လူသားတွေတိုးတက်ဖွ့ံဖြိုးနဲ့ ဝန်းကျင် ရင်းမြစ်တွေ ရေရှည်တည်တန့်မှု ဒီနှစ်ခုကို သဟဇာတဖြစ်စေဖို့ တိုက်တွန်းထားတယ်လို့ပဲ နားလည်မိတယ်ဗျ။

ဝန်းကျင်ထိန်းသိမ်းဖို့ ရင်းမြစ်ချွေတာဖို့ဆိုတာတွေဟာ အငိုလွယ်သလောက် အရှိုက်ခက်တယ်လို့ ပြောရင်ရမလား မသိဘူး။ အသိတရား၊ ခံယူချက်တွေနဲ့အတူ စွမ်းဆောင်နိုင်မှုတွေ၊ အားပေးပံ့ပိုးမှုတွေ လိုအပ်ပေးတာကိုး။ ကလေးလေးတစ်ယောက်ဟာ ရုပ်မြင်သံကြားက ထုတ်လွှင့်နေတဲ့ ပညာပေးဆန်ဆန် ကုန်ပစ္စည်းကြော်ငြာတိုလေးကို အရမ်းသဘောကျမိတယ်။ အဲ့ဒီအတိုင်း သူလိုက်လုပ်ကြည့်တယ်။ မနက်အိပ်ယာထတဲ့အခါ ရေဘုံဘိုင်ခေါင်းဖွင့်ပြီး မျက်နှာသစ်တယ်၊ ပြန်ပိတ်တယ်၊ သွားတိုက်တံယူပြီး ရေခေါင်းပြန်ဖွင့်ပြီး ဆေးတယ်၊ ပြန်ပိတ်တယ်၊ သွားတိုက်ဆေးထည့်ပြီး ရေပြန်ဖွင့်က ပလုပ်ကျင်း၊ ရေပြန်ပိတ်၊ သွားတိုက်၊ ပြီးတော့မှ ရေပြန်ဖွင့်၊ ပလုပ်ကျင်းပြီး သွားတိုက်တံကို ပြန်ဆေးပေါ့။ အဲ့ဒါကို အမေလုပ်တဲ့သူက တွေ့သွားပါရော။ သားလုပ်တဲ့သူကို ဘာပြောသလဲဆိုတော့ ဟဲ့ကောင်လေး မျက်နှာတစ်ခါသစ်တာ ရေခေါင်းကို အဲ့ဒီလောက် ဖွင့်လိုက်ပိတ်လောက် လုပ်မနေစမ်းနဲ့။ ခေါင်းပျက်သွားလို့ အသစ်လဲရရင် ပစ္စည်းဖိုး လက်ခက နည်းတာမဟုတ်ဘူးတဲ့။ အေးလေ သူတို့တန်ဖိုးထားတဲ့အရာက တစ်ခုကိုး။

ကြုံကြိုက်တုန်း ဇာတ်လမ်းလေးတစ်ပုဒ်ကို ပြောပြချင်သေးတယ်။ တစ်ခါတုန်းက မြို့သေးသေးလေးတစ်မြို့နဲ့ မနီးမဝေးမှာ ရွက်အုပ်တော်တော်ထူပြီး ပင်ကြီးပင်ကောင်းတွေပေါများတဲ့ တောအုပ်ငယ်တစ်ခုရှိတယ်။ ရေစီးသန်တဲ့မြစ်တစ်မြစ်ကလည်း အဲ့ဒီတောအုပ်အစပ်နဲ့ထိပြီး ဖြတ်သန်းစီးဆင်းနေတာပေါ့။ တစ်နေ့ကြတော့ မြို့လေးဆီက မိသားစုတစ်စုဟာ တောအုပ်အနားကို ပြောင်းလာကြပြီး တောထဲကသစ်တွေနဲ့ပဲ မြစ်ကမ်းနဘေးမှာ အိမ်အကြီးကြီးတစ်လုံးဆောက်လို့ လူလည်းနေ စီးပွားရေးလည်းလုပ်ကြတာပေါ့။ ခပ်တိုတိုပြောရရင် အဲ့ဒီသစ်တော အဲ့ဒီမြစ်ကို အသုံးချလို့ စီးပွားဖြစ်ကြတယ်ပေါ့။ ဒီလိုနဲ့ သစ်တောလည်းပါးလာ မြစ်ရေလည်းနောက် ငါးလည်းရှားလာဖြစ်လာခဲ့တယ်။ အဲ့ဒီအခါကြတော့မှ အိမ်ကြီးရဲ့အကြီးအကဲလုပ်သူက ငါ့သားတွေလက်ထက်ကြရင် လုပ်စားစရာမရှိတော့ပဲ နေလိမ့်မယ်၊ တောနဲ့မြစ်ကို နိုင်သလောက်ထိန်းမှလို့ စိတ်ကူးပေါ်ပြီး ထိန်းသိမ်းမှုတွေ စလုပ်တော့တာပေါ့။

အဲ့ဒီအချိန်မှာ တစ်ခြားမိသားစုတစ်စုက ထပ်ပြောင်းလာပြီး ရသမျှဝါးလေးတွေ အိမ်ဆောက်နေကြတာပေါ့။ သူတို့လည်း ရှေ့လူတွေလိုပဲ ဒီတောဒီမြစ်ကိုအသုံးချဖို့ ရသမျှစီးပွားရှာကြမယ်ပေါ့။ အဲ့ဒီအကြောင်းကို အိမ်ကြီးပေါ်ကသူတွေက သိသွားတော့ အိမ်လေးပေါ်က သူတွေကို ခေါ်ပြောတယ်။ သစ်တောနဲ့ မြစ်ဟာ ယို့ယွင်းပျက်စီးလာလို့ ကာကွယ်ထိန်းသိမ်းဖို့တွေ လုပ်နေရတယ်။ အခုနေ မဆင်မခြင် အသုံးပြုလိုက်ရင် ဒီပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးသွားလိမ့်မယ် စသည်စသည်ဖြင့် ပြောတာပေါ့။ အိမ်ငယ်ပေါ်ကသူက မျက်စိသူငယ် နားသူငယ်နှင့် လေပြည်ထိုးပြန်ပြောရှာပါတယ်။ လူကြီးမင်းတို့က စီးပွားလည်းရှာခဲ့ပြီးပြီ စီးပွားလည်းဖြစ်ခဲ့ပြီးပြီ၊ အခုကျုပ်တို့က လက်ကျန်အနေအထားလေးမှာ ရသလောက်လေး စီးပွားစရှာမယ်လည်းဆိုရော မလုပ်ရဘူး ဆိုတော့ဗျာ . . . . .။

ဇာတ်လမ်းလေးကတော့ ဒါပါပဲ။

တကယ်တမ်းကြတော့ အဲ့ဒီအိမ်ကြီးပေါ်ကသူရော အိမ်လေးပေါ်ကသူမှာပါ တူညီတာတစ်ခု ရှိနေတယ်ဗျ။ အဲ့ဒါကတော့ လိုဘ ဆိုတာပါပဲ။ လိုဘလို့ဆိုလိုက်တာနဲ့ မကောင်းတဲ့အရာ၊ မရှိသင့် မထားသင့်တဲ့အရာဆိုပြီး အစွန်းတစ်ဖက်ထွက်ကာ မတွေးလိုက် မမြင်လိုက်ကြပါနဲ့ဦး။ Self-interest နဲ့ Selfishness မတူကြောင်းကို ဘောဂဗေဒပညာရှင်ဆရာကြီးတွေ ရှင်းပြပြောပြထားတာတွေလည်း သိထားကြားထားပြီး ဖြစ်ကြမှာပါ။ လိုဘဆိုတာကလည်း ကောင်းကျိုးဆန္ဒကို အခြေခံထားတာမျိုး၊ ကိုယ်ကျိုးစီးပွားဆိုပေမယ့် ကျန်ဆက်နွယ်နေသူတွေကိုပါ မြှင့်တင်ဆွဲခေါ်သွားနိုင်တာမျိုးတွေလည်း ရှိတတ်တယ်လေ။ ဒါနဲ့ဆန့်ကျင်ဘက်လည်း ရှိတာပါပဲ။

လူရယ်လို့ဖြစ်လာမှဖြင့် အတ္တကင်းပြီး လောဘရှင်းတဲ့လူရယ်လို့ ဘယ်ရှိနိုင်ပါ့မလဲနော်။ အတ္တနည်းတယ် လောဘသတ်နိုင်တဲ့သူတွေကတော့ ရှိတာပဲပေါ့။ တစ်နည်းအားဖြင့် ဆန္ဒကို သတိ အသိတွေနှင့် ဘောင်ကွပ်နိုင်သူတွေပေါ့။ လိုချင်တာ ဖြစ်ချင်တာတွေမရှိကြတော့ဘူးဆိုရင်လည်း လူတွေဟာ ကြီးပွားဖို့ တိုးတက်ဖို့ရာကို ဘယ်ကြံဆောင်လုပ်ကိုင်ကြတော့မှာလည်းပေါ့နော်။ အဲ့ဒီတော့ လိုဘပဲပြောပြော လောဘပဲဆိုဆို ရှိသင့်ရှိထိုက်သလောက်တော့ ရှိသင့်တာပေါ့။ အဲ့ဒီလို အထိန်းအကွပ်နဲ့လိုဘမျိုးသာ အိမ်ကြီးပေါ်ကလူရော အိမ်လေးပေါ်ကလူမှာပါ ရှိခဲ့မယ်ဆိုရင် ပထမလူကလည်း အစကတည်းက ထိန်းထိန်းသိမ်းသိမ်း လုပ်ခဲ့မယ်။ နောက်လူကိုလည်း ကျိုးကြောင်းဆီလျှော်စွာ လမ်းပြခေါ်မယ်။ ဒုတိယလူကလည်း ပထမလူလို မမှားအောင် ကြံဆောင်မယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲဗျာ။ တစ်နည်းပြောရရင် ကျင့်ဝတ်ရှိစွာ စီးပွားရှာပေါ့ဗျာ။

ဒုတိယလူဖက်က ကြည့်ပြန်တော့လည်း ပတ်ဝန်းကျင်ကြီး ယို့ယွင်းလာပြီးဆိုတာနဲ့ပဲ သူက ဘာမှ မလုပ်ရတော့ဘူးတဲ့လား၊ အလုပ်တစ်ခုဟာ ကောင်းကျိုးဖြစ်စေမယ့်ဟာတွေက ဆိုးကျိုးဖြစ်စေမယ့်ဟာတွေထက် ပိုများနေရင် လုပ်သင့်တာပဲမဟုတ်လား၊ ဘောဂဗေဒ သဘောတရားအရ Public Goods တို့ Common Resources တို့ဆိုတာတွေဟာ သူတို့နဲလည်း သက်ဆိုင်တယ်မဟုတ်လား၊ အခုမှ အခြေတည်ပြီး တိုးတက်အောင် စလုပ်ရမယ့် အခြေအနေမျိုးမှာ ပတ်ဝန်းကျင်ကို သည့်ထက်ပိုပြီး မယိုယွင်းသွားအောင် ပြီးတော့မှ ဒီထက်ပိုပြီး ကောင်းလာအောင် စီမံဆောင်ရွက်တာမျိုး (Environmental Management) အရင်မလုပ်သင့်ဖူးလား၊ စသည်ဖြင့် လားပေါင်းများစွာ မေးခွန်းတွေ ရှိနေမှာပါ။

စဉ်းစားမိသလောက်ပြောရရင် ဝန်းကျင်တစ်ခွင်ကို ထိန်းသိမ်းကာကွယ်ကြမယ်ဆိုတာရော၊ လူမှုစီးပွားတိုးတက်ဖို့ ပြီးတော့ ဖွံ့ဖြိုးဖို့ဆောင်ရွက်တာရော နှစ်ခုစလုံးက ဓမ္မတွေပါ။ အဓမ္မတစ်ခုမှ မပါပါဘူး။ ဓမ္မနှင့် ဓမ္မဟာ ယှဉ်ပြိုင်ဖို့မဟုတ်ပါဘူး၊ ယှဉ်တွဲဖို့သာပါ။ အဲ့ဒီနှစ်ခုစလုံးမှာ စေတနာကောင်းတွေ စေတနာသန့်တွေပေါင်းထည့်လိုက်မယ်ဆိုရင် မျဉ်းပြိုင်နှစ်ကြောင်း ဦးတည်ရာ တူသွားမှာပါ။ တစ်ခါ အပြန်အလှန် ယုံကြည်မှု အားကိုးမှုတွေကို ထပ်ဖြည့်နိုင်ရင် မျဉ်းပြိုင်နှစ်ကြောင်းရဲ့ကြားက အဟလေး ကျဉ်းသထက်ကျဉ်းလာပြီး တစ်ထပ်တည်းကျသွားမှာပါ။ အဲ့ဒီတော့ကာ ဦးတည်ရာတူပြီး တစ်ထပ်တည်းကျနေတဲ့ မျဉ်းပြိုင်နှစ်ကြောင်းကို ရေးဆွဲဖို့ ကြိုးစားကြရအောင်။

(ပတ်ဝန်းကျင်လေ့လာမှု၊ ပထဝီဝင်ဆိုင်ရာ၊ ဘောဂဗေဒနှင့် ဖွံ့ဖြိုးမှုပညာများကို သင်ကြားပို့ချ မျှဝေပေးခဲ့ကြသော လက်ရှိလည်း ပညာမျှဝေပေးလျက်ရှိသော သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာအားလုံးအား ဂါဝရပြုအပ်ပါသည်။ ဤဆောင်းပါးသည် ၂၀၁၇ ခုနှစ်အတွင်းက ပြည်တွင်းထုတ်ဂျာနယ်တစ်စောင်တွင် ပါရှိခဲ့ဖူးသော ဆောင်းပါးအဟောင်းတစ်ခုဖြစ်ပြီး သင်ခဲ့ဖူးသည့်၊ ဖတ်ရှုခဲ့ဖူးသည့်၊ လေ့လာခဲ့သည့်၊တွေ့ကြုံခဲ့ဖူးသည့်၊ ကြားခဲ့ဖူးသည့် အကြောင်းအရာအချို့ကို မိမိစဉ်းစားတွေးတောမိသည်များနှင့် ပေါင်းစပ်ပြီး ထုတ်နှုတ်ရေးသားထားခြင်း ဖြစ်ပါသည်။ အကယ်၍ ယခုဖော်ပြရေးသားထားမှုများသည် မူလသီအိုရီအဆိုများနှင့် ကင်းကွာသွားခြင်း လွဲချော်သွားခြင်းများ ရှိခဲ့ပါလျှင် စာရေးသူ၏ အမှတ်မှားယွင်းမှုနှင့် ပုဂ္ဂလိကဆန္ဒ လွန်ကဲမှုများကြောင့်သာဖြစ်ပါကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။)

133

What’s your Reaction?
+1
2
+1
0
+1
1

By Thein Soe

MEAA Fellow Member and Publicist (Member ID - 0002)

Related Post

Leave a Reply