မြန်မာ့ပတ်ဝန်းကျင်ဆန်းစစ်လေ့လာခြင်းဆိုင်ရာအသင်း (MEAA) ၏ ၂၀၂၀ ပြည့်နှစ် အသင်းသားစုံညီ ညီလာခံ (AGM) အား အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

MEAA ၏ ၂၀၂၀ပြည့်နှစ် AGM အား ၂၀၂၀ခုနှစ် နိုဝင်ဘာလ (၂၂)ရက်နေ့ မနက်(၁၀)နာရီမှ (၁၂)နာရီအထိ virtual conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။ ညီလာခံသို့ တက်ရောက်ကြသူ အသင်းဝင်(၆၈)ဦး ရှိပါသည်။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ အငြိမ်းစား ပါမောက္ခချုပ် ဒေါက်တာမြင့်ဦးက ညီလာခံသဘာပတိအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကြိုတင်ဖြန့်ဝေထားသော အခမ်းအနား အစီအစဉ်(၁၆)ရပ်အတိုင်း ကျင်းပခဲ့သည်။

ညီလာခံအစတွင် အသင်း၏ဥက္ကဌ ဦးဇော်နိုင်ဦး၊ ညီလာခံသဘာပတိနှင့် အသင်း၏ဥက္ကဌအဖြစ်ဆောက်ရွက်ခဲ့သူ ဦးအောင်နန္ဒတို့မှ အမှာစကားများ အသီးသီးပြောကြားကြသည်။ အသင်း၏ အထွေအထွေအတွင်း‌ရေးမှူးမှနေ၍ ပြီးခဲ့သည့်(၂)နှစ်တာကာလအတွင်း အသင်း၏လုပ်ဆောင်ချက်များအား ရှင်းလင်းတင်ပြပေးသည်။ ဆက်လက်၍ အသင်း၏ ဘဏ္ဍာ‌ရေး အခြေအနေများ ငွေစာရင်းရှင်းတမ်းနှင့် အသင်း၏ ဖွဲ့စည်းပုံစည်းမျဉ်းအား ပြင်ဆင်ဖြည့်စွက်ရန် အဆိုပြုချက်များအား ညီလာခံတက်ရောက်လာသူ အသင်းသားများ၏ သဘောတူညီချက် ဆန္ဒတောင်းခံပြီးနောက် အတည်ပြုခဲ့ကြပါသည်။ အသင်း၏ လက်ရှိတာဝန်ထမ်းဆောင်နေသော ဗဟိုကော်မတီဝင်များအားလုံးက တာဝန်မှ နှုတ်ထွက်ပေးကြပြီးနောက်၊ အသစ်ရွေးချယ်တင်မြောက်ခြင်း ခံရသော ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်မျးအား ညီလာခံတက်ရောက်လာသူများ၏ သဘောတူညီချက်ဖြင့် အတည်ပြုခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။

ထိုနောက် ညီလာခံတက်ရောက်လာသူများက အသင်း၏ တိုးတက်ရာတိုးတက်ကြောင်းများအတွက် အကြံပြုဆွေးနွေးတင်ပြကြရာ အသင်းဥက္ကဌနှင့် ဒုတိယဥက္ကဌတို့က ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ (၂၀၂၀-၂၀၂၂) ကာလအတွက် အသင်း၏ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သွားမည့် ဦးစိုးမြင့်က မိတ်ဆက်အမှာစကား ပြောကြားကာ အသင်းသားစုံညီ ညီလာခံအား အောင်မြင်ပြီးမြောက်စွာ ကျင်းပခဲ့ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Back